ကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်ဝပါစေ

Saturday, April 19, 2008

အရောင်မဲ့ကောင်းကင်

ချစ်ခင်ရပါသောကောင်းကင်-
မင်းကို ငါ အမှန်တကယ်နှစ်သက်ပါတယ်…. ။
ဘာလို့လဲဆိုတော့
ရောင်စဉ်ခုနှစ်သွယ်ထဲကမှ ငါနှစ်သက်တဲ့အရောင်ကို
ရွေးချယ်ပြီး မင်းဝတ်ဆင်ထားလို့ပေါ့
ငါနှစ်သက်တဲ့ တိမ်ပုဝါပါးလေးကိုလည်း
ကပိုကရို ခြုံလွှမ်းထားသေးတယ်လေ …
အဲဒီအခါမှာ
မင်းဟာ ရိုးရိုလေးနဲ့ အရမ်းကျက်သရေရှိတာပါပဲ။
ညဘက်မှာဆိုရင်လည်း…
မင်းလည်တိုင်ထက်က
ငွေကြယ်ပွင့်ဘယက်ကလေးကို တစ်ခါတစ်လေ
ငါမက်မောဖူးပါရဲ့
မင်းသူငယ်ချင်း မစန္ဒာ
ငါ့ကိုပြုံးပြနှုတ်ဆက်တဲ့အခါ
ကြည်နှုးရိပ်ကလေးတွေ ငါ့ရင်ထဲမှာဖြာလို့ပေါ့…
ချစ်ခင်ရပါသောကောင်းကင် -
မင်းကို ငါအမှန်တကယ်အားကျမိပါတယ် … … ။
ဘာလို့လဲဆိုတော့
မင်းဟာ ငါချစ်တဲ့ သူရိန် စန္ဒာ နဲ့တာရာ
ပြီးတော့ မိုးစက်နဲ့လေညင်း
ပြီးတော့ ငါချစ်တဲ့အရာအားလုံးကို
မင်းရဲ့ အဆင်တန်ဆာအဖြစ် အသုံးပြုခွင့်အပြည့်အ၀ရထားလို့လေ …
တစ်ခါတစ်လေမှာပေါ့
မင်း … အရမ်းစိတ်ဆိုးဒေါသထွက်နေရင်
ကြောက်ဖို့ကောင်းလွန်းတယ်ဆိုတာ သိလား ?
ငါကတော့သိတယ်
မင်းက စိတ်ဆိုးပြီး ၀ုန်းဒိုင်းကြဲလိုက်တိုင်း
တိမ်တွေက လန့်ပြီးအော်ငိုတော့တာပါပဲ့
မိုးရှိုက်သံလည်းဆုံးရော ငါ့မျက်ရည်လည်းပြုန်းရော…
ဒီကနေ့အထိတောင်မှ တိမ်တွေရဲ့ မျက်ရည်မိုးကို
ငါ မချိုးရက်ခဲ့ပါဘူး
အဲဒီလိုပဲ … ဒေါသအရိပ်အတိပြီးတဲ့ ၊ မည်းသည်းနေတဲ့
မင်းမျက်နှာကိုလည်း မမော့ကြည့်ရဲခဲ့ပါဘူး …
နောက်တော့လည်း လေပြည်တွေချော့မြူလိုက်
ငှက်ကလေးတွေက ဖျောင်းဖျလိုက်နဲ့ …
ပျော်ရွှင်နေတဲ့ မင်းမျက်နှာပြည့်ပြည့်လေးကို
ပြန်ရှာတွေ့ခဲ့တယ် ….။
ချစ်ခင်ရပါသောကောင်းကင်…
တကယ်လို့များ
မင်းရဲ့ဆင်မြန်းလက်စ ၀တ်ရုံပြာလေးလွင့်ပါးသွားခဲ့ရင်လည်း
ငါမင်းကို ခင်နေဦးမှာပါ
မင်းဆီမှာ … လှပပြီးအဖိုးထိုက်တန်တဲ့
(ငါအနှစ်သက်ဆုံး) အဆင်တန်ဆာတွေ တစ်ခုမှမရှိပါစေဦး
ငါမင်းကို အစစ်အမှန် ခင်နေဦးမှာပါ
ငါ့ရဲ့ တစ်ခုတည်းသော
အရောင်မဲ့ ကောင်းကင်ကြီးအနေနဲ့ပေါ့ … ။ ။
spread_spectrum

1 comment:

Unknown said...

သိကောင်းတဲ့ ကဗျာလေးကို သေသေချာချာခံစားပြီးတော့ ဖတ်သွားတယ် ဆက်ရေးပါ ကဗျာလည်းကောင်းတယ် အတွေးလည်းထက်တယ်